ရမည်းသင်းမြို့တွင်ဖြစ်ပွားခဲ့သော ရဲဝန်ထမ်းများမှ ရိုက်နှက်နှိပ်စက်သောကြောင့် သေဆုံးရသော အမှုနောက်ဆက်တွဲများ
ဖြစ်စဉ်နှင့်ပါတ်သက်ပြီး
3.6.2012 နှင့် 6.6.2012 တွင် Media များသို့
သတင်းပေးပို့ခဲ့ပါသည် . . .
3.6.2012 ညတွင်ပေးပို့ခဲ့သောသတင်းမှာ
ရမည်းသင်းမြို့တွင် ရဲတပ်ဖွဲ့ဝင်များမှ
မတရားရိုက်နှက်စစ်ဆေးခြင်းကြောင့်လူတစ်ဦးသေဆုံးခြင်း
ရမည်းသင်းမြို့၊ မြို့မရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ၏
မတရာ။ရိုက်နှက်စစ်ဆေးခြင်းကြောင့် ရမည်းသင်းမြို့၊ ကျောင်းတိုက်စုရပ်နေ
အသက် (၃၈)နှစ်ရှိ (ဘ) ဦးအေး၏သားဖြစ်သူ
ကိုကျော်မိုးနိုင်သေဆုံးမှုဖြစ်ပွားခဲ့ပါသည်။ ၄င်းဖြစ်စဉ်အသေးစိတ်အား
၎င်းမိသားစုမှ ဒုဗိုလ်ချုပ်ကြီးကိုကို ၊ ပြည်ထဲရေးဝန်ကြီးနှင့်
ရဲချုပ်ဦးကျော်ကျော်ထွန်းတို့အား ပေးပို့ထားသော မူရင်းစာအတိုင်း
ပြည်တွင်းသတင်းစိတ်ဝင်စားသူများနှင့် မတရားမှုပပျောက်ရေးနှင့်
တရားဥပဒေစိုးမိုးရေးကို လိုလားသူများအားလုံး သိရှိစေရန် တင်ပြအပ်ပါသည်။
သေဆုံးသူ၏ဓါတ်ပုံနှင့် သေဆုံးသူမိသားစု၏ဓါတ်ပုံများကိုလည်း
ပူးတွဲတင်ပြအပ်ပါသည်။ သေဆုံးမှုမှာ 1.6.2012 တွင်ဖြစ်ပွားခဲ့သော်လည်း
ယခုအချိန်ထိ စုံစမ်းစစ်ဆေးမှုများလုံးဝမပြုလုပ်ရသေးကြောင်း သိရှိရပါသည်။
ဟုဖြစ်ပြီး.......
သစ်ထူးလွင် http://www.thithtoolwin.com/2012/06/blog-post_9842.html
တွင်ဖော်ပြခဲ့ပါသည်။ သေဆုံးသူ၏ဓါတ်ပုံများနှင့်
ပြည်ထဲရေးဝန်ကြီးနှင့်ရဲချုပ်ထံပေးပိုးထားသောအသနားခံတိုင်ကြားစာမူရင်ဓါတ်ပုံများကိုလည်း၎င်းတွင်ကြည့်ရှုရယူနိုင်ပါသည်။
6.6.2012 နံနက်တွင် ပေးပို့ခဲ့သောသတင်းမှာ....
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့တွင်ဖြစ်ပွားခဲ့သော
(ကိုကျော်မိုးနိုင်အား ရဲတပ်ဖွဲ့ဝင်များမှ
မတရားရိုက်နှက်စစ်ဆေးခြင်းကြောင့် သေဆုံးရခြင်း)
နောက်ဆုံးရသတင်းအပြည့်အစုံ

ဖြစ်စဉ်အသေးစိတ်မှာ . . .
ရမည်းသင်းမြို့၊ ကျောင်းတိုက်စုရပ်နေ အဘဦးအေး၏သားဖြစ်သူ
ကိုကျော်မိုးနိုင် အသက် (၃၈)နှစ်အား မသင်္ကာမှုဟုဆိုကာ 30.5.2012 နံနက် 10
နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးဦးမျိုးမင်းသိုက်အား
ရမည်းသင်းမြို့မရဲစခန်း၏ သတင်းပေးချက်အရ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်
(အရပ်အခေါ် ရာအိမ်မှုး) ဦးပေါက်ကြီး (ခ) ဦးထွန်းမင်းဦးအား
တာဝန်ပေးသဖြင့် ရဲတပ်ကြပ် စန်းဝင်းနှင့်အတူ မြို့မရဲစခန်းသို့
အပ်နှံပေးခဲ့ပါသည်။
31.5.2012 ည 10 နာရီခန့်တွင်အိမ်သို့ ဒဏ်ရာဒဏ်ချက်များဖြင့်
ပြန်လည်ရောက်ရှိလာပြီး ရဲစခန်းတွင်မတရားရိုက်နှက်နှိပ်စက်ခံရပါကြောင်း
ဇနီးဖြစ်သူ မချိုပြုံး ၊ ယောက္ခမဖြစ်သူ ဒေါ်နီနှင့်
ခင်မင်ရင်းနှီးသူများဖြစ်ကြသော ကိုပေါက်ကြီး၊ ကိုဝင်းဘို၊ ကိုသူထွန်း၊
မချိုခင်၊ မချိုတင်တို့အား ရရှိထားသောဒဏ်ရာများပြသကာပြောကြားခဲ့ပါသည်။
ကိုကျော်မိုးနိုင်၏ပြောကြားချက်အရ ဒုရဲအုပ်ကျော်နိုင်လွင်၊
တပ်ကြပ်စန်းဝင်း၊ တပ်ကြပ် ခိုင်လင်းစိုးတို့မှ 31.5.2012 နံနက် 10 နာရီမှ
နေ့လည် 1 နာရီအထိ လည်ဂုတ်မှ နောက်ကြောအထိ
နံပါတ်တုတ်ဖြင့်အပြန်ပြန်အလှန်လှန်ရိုက်ခြင်း၊
နှစ်တစ်လက်မတုတ်ဖြင့်ရိုက်ခြင်း၊ ပါးကို နံပါတ်တုတ်ဖြင့်
ဆောင့်ထိုးခြင်း၊ နားရွက်ဆောင့်ဆွဲခြင်းများ၊ ခြေထောက်(ညို့သကျီး)
အားသံပိုက်လုံးတင်ကာ နင်းခြင်း၊ စအိုအတွင်းသို့
သံပိုက်လုံးဖြင့်ဆောင့်သွင်းခြင်းများ
စသည့်လူမဆန်သောနည်းများဖြင့်နှိပ်စက်ကြောင်းသိရှိရပါသည်။ ဇနီး၊
ယောက္ခမဖြစ်သူနှင့်ခင်မင်ရင်းနှီးသူများကို ပြန်လည်တိုင်ကြားပေးပါရန်လည်း
ငိုယိုပြီးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 31.5.2012 နေ့
တစ်ညလုံးအော်ဟစ်ညည်းညူကာ နောက်ရက် 1.5.2012 နံနက်
(6)နာရီတွင်သေဆုံးသွားကြောင်းသိရှိရပါသည်။
မိသားစု၏ မကျေနပ်ချက်ကြောင့်သေဆုံးသွားသူဖြစ်သော ကိုကျော်မိုးနိုင်၏
နာရေးသို့ စခန်းမှုးရောက်ရှိလာပြီး ဒီအတိုင်းသင်္ဂြိုဟ်မည်လား
ဆေးရုံသို့ပို့ကာ ဆေးစစ်ချက်ယူပြီးမှသင်္ဂြိုဟ်မည်လားဟုမေးကာ မိသားစု၏
ဆန္ဒအရ ဆေးရုံသို့ပို့ကာ ရင်ခွဲဆေးစစ်ချက်ယူကာ သင်္ဂြိုဟ်ခဲ့ပါသည်။
ဆေးစစ်ချက်အားလည်း ဆေးရုံမှ သိမ်းဆည်းထားကြောင်းသိရှိပါသည်။
အကြောင်းကြားစာများပေးပို့ခြင်းကြောင့် 4.6.2012 နေ့
နေ့လည်ပိုင်းအချိန်တွင် ခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ
မိသားစုအားခေါ်ယူမေးမြန်းခဲ့ကြောင်းသိရှိရပါသည်။ ထွက်ဆိုချက်အားလုံးကို
ထွက်ဆိုပြီးနောက် ခရိုင်ရဲရုံးမှ အမှန်အတိုင်းဖြစ်စေရန်ဆောင်ရွက်ပေးမည်ဟု
ပြောဆိုခဲ့ကြောင်းသိရှိရပါသည်။
သေဆုံးသူကိုကျော်မိုးနိုင်တွင် မည်သည့်ရောဂါအခံမျှမရှိကြောင်းနှင့်
မတရားနှိပ်စက်ခံရကာသေဆုံး ရခြင်းဖြစ်ကြောင်းမိသားစုက ယုံကြည်ကာ
မေးမြန်းစဉ် ထိုအတိုင်းထွက်ဆိုခဲ့ပါသည်။ သေဆုံးသူတွင်
(၂)နှစ်အရွယ်သားတစ်ယောက်ကျန်ခဲ့ကြောင်းလည်းသိရှိရပါသည်။
အကြောင်းကြားစာများကို
၁။ ဒုဗိုလ်ချုပ်ကြီးကိုကို
ပြည်ထဲရေးဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်။
၂။ ရဲချုပ်ဦးကျော်ကျော်ထွန်း
ရဲချုပ်ရုံး၊ နေပြည်တော်
သို့အရင်ပေးပို့ခဲ့ပြီး
2012 ခု ၊ ဇွန်လ (၂) ရက်နေ့တွင်
၁။ အုပ်ချုပ်ရေးမှုး
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့။
၂။ ခရိုင်ရဲတပ်ဖွဲ့မှုး
ခရိုင်ရဲတပ်ဖွဲ့မှုးရုံး
ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့ သို့လည်းပေးပို့ကာ မိတ္တူများကို
၁။ မြို့နယ်အုပ်ချုပ်ရေးမှုး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ရမည်းသင်းမြို့။
၂။ မြို့နယ်ရဲတပ်ဖွဲ့မှုး၊ မြို့နယ်ရဲတပ်ဖွဲ့မှုးရုံး ၊ ရမည်းသင်းမြို့။
၃။ ဦးဇော်ဝင်း၊ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊
ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့။
၎။ ဦးမျိုးသိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရမည်းသင်းခရိုင်၊
ရမည်းသင်းမြို့။ တို့သို့လည်းပေးပို့ခဲ့ပါကြောင်း သိရှိရပါသည်။
ဖြစ်စဉ်အရ တရားဥပဒေအားကာကွယ်စောင့်ရှောက်ရမည့် ပြည်သူ့ရဲများက
တည်ဆဲဥပဒေအား ဖောက်ဖျက်ကာ တရားခံအဖြစ်ယူဆသူအား
ဥပဒေမဲ့ညှင်းပန်းနှိပ်စက်ခြင်း၊ လူ့အခွင့်အရေးအား ချိုးဖောက်ခြင်းများ
ပြုလုပ်ခဲ့ကြောင်း ယူဆရပါသည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
တရားဥပဒေစိုးမိုးရေးအား တည်မြဲစေလိုသောပုဂ္ဂိုလ် မည်သူမဆို၊
မည်သည့်အဖွဲ့အစည်းမဆို၊ မည်သည့်ပါတီမဆို ထိုဖြစ်စဉ်အား ကဲ့ရဲ့
ရှုပ်ချကြမည်ဖြစ်ပါသည်။ ထိုကဲ့သို့သော ဥပဒေမဲ့ဖြစ်စဉ်များ
ထပ်မံမပေါ်ပေါက်စေရန်၊ တရားဥပဒေစိုးမိုးရေးကို လိုလားသူများနှင့်
အများသိရှိစေရန် သတင်းဌာနအသီးသီးသို့ သတင်းပေးပို့အပ်ပါသည်။

ဟုဖြစ်ပြီး မည်သည့်သတင်းဌာနတွင်မှ ယခုအချိန်ထိဖော်ပြပေးခြင်းမရှိသေးပါ။
တရားခံကို လွန်ခဲ့သော (၂)နှစ်ခန့်ကဖြစ်ပွားခဲ့သော
ဖောက်ထွင်းမှုနှင့်ပတ်သက်ပြီးမသင်္ကာဟုဆိုကာ
ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။
ဖြစ်စဉ်အားဥပဒေကြောင်းအရသုံးသပ်ရလျှင်
(၁) 24နာရီကျော်သည်အထိ ချုပ်ရမန်တောင်းခံခြင်းမရှိပဲ မတရားချုပ်နှောင်ထားခြင်း၊
(၂) သေဆုံးသည့်အချိန်တွင် အလောင်းကိုဆေးရုံသို့ရဲများမှသယ်ယူပြီး
ဆေးစစ်ချက်ရယူကာ သေမှုသေခင်းအဖြစ်ကြိုတင်ကာကွယ်ကာ
အမှုဖွင့်ထားကြောင်းသိရခြင်း
(၃) ရင်ခွဲဆေးစစ်သည့်အခါ မိသားစုဝင်များကိုပြန်လွှတ်ခြင်းနှင့်
သေဆုံးရသောအကြောင်းအရင်းနှင့် ဆေးစာမှအချက်အလက်များကို မိသားစုဝင်များ
လုံးဝမသိရခြင်း စသည့်တရားမျှတမှုမရှိခြင်းများဖြစ်ပွားခဲ့ပါသည်။
ထပ်မံရရှိသောသတင်းများအရ . . .

ယနေ့ 7.6.2012 နံနက်တွင် သေဆုံးသူကိုကျော်မိုးနိုင်၏ ယောက္ခမဖြစ်သူသည်
ဖြစ်စဉ်အား အရေးယူဆောင်ရွက်ခြင်းမရှိသေးသောကြောင့် နေပြည်တော်သို့
ကိုယ်တိုင်သွားရောက်ကာ နိုင်ငံတော်သမ္မတကြီး၊ ဒုတိယသမ္မတနှင့်
ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ပြည်သူ့လွှတ်တော်နာယကများထံသို့ အသနားခံ
တိုင်ကြားစာများ ကိုယ်တိုင်ပေးပို့မည်ဖြစ်ကြောင်းသိရပါသည်။ နေပြည်တော်CID
သို့လည်းအကြောင်းကြားစာ ပေးပို့မည်ဖြစ်ကြောင်းလည်းသိရပါသည်။
ဖြစ်စဉ်အားအရေးယူဆောင်ရွက်ခြင်းမရှိသေးသည့်အပြင်
ရိုက်နှက်စစ်ဆေးခဲ့သောရဲဝန်ထမ်းများကိုလည်း ရှောင်ခိုင်းသည့်သဘောဖြင့်
မန္တလေးသို့ တွဲဖက်တာဝန်ထမ်းဆောင်စေရန်
စေလွှတ်မည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။
အဖြစ်မှန်ပေါ်ပေါက်စေရေး၊ စစ်မှန်ပြည့်ဝသည့် လူ့အခွင့်အရေးရရှိရေး၊
မှန်ကန်သည့် တရားဥပဒေစိုးမိုးရေးများ ရရှိစေရန်အတွက် သတင်းမီဒီယာများသို့
သတင်းများပေးပို့ရခြင်းဖြစ်ပါသည်။
( Internet Connection
မကောင်းသောကြောင့် ဖမ်းယူထားသောအသံဖိုင်များနှင့် ရိုက်ကူးထားသော
ဗွီဒီယိုဖိုင်များ ပေးပို့နိုင်ခြင်းမရှိပါ)

No comments:
Post a Comment